ဘိုင်ယန်မြူးနစ်-PSG ပွဲပြီးအတွေးများ...

ပထမအကျော့တုန်းကလောက် သွင်းဂိုးတွေကို များများစားစား မမြင်ခဲ့ရပေမယ့် ဘိုင်ယန်-PSG ဒုတိယအကျော့ကလည်း ပရိသတ်တွေကို စိတ်မပျက်စေခဲ့ပါဘူး။ ပြင်းထန်တဲ့ နည်းဗျူဟာအားပြိုင်မှုတွေကို တွေ့မြင်ခဲ့ရတယ်။ ကွန်ပနီရဲ့ ဘိုင်ယန်မြူးနစ်ဟာ ဘာတစ်ခုမှ ဆိုးဆိုးရွားရွား အမှားလုပ်မိခဲ့တယ်လို့ ကျနော်မထင်ပါဘူး။ သူတို့ ဒီတစ်ရာသီလုံးကစားခဲ့တဲ့၊ အလုပ်ဖြစ်ခဲ့တဲ့ ကစားကွက်အခင်းအကျင်းအတိုင်း၊ နည်းဗျူဟာအတိုင်းပဲ ဒီပွဲကို သူတို့ကစားခဲ့ကြတာပါပဲ...
ဒါပေမယ့် ပြိုင်ဖက်က PSGဖြစ်နေတယ်။ သိပ်ကောင်းလွန်းနေတယ်။ သူတို့တွေ ခံစစ်ကစားနေပါတယ်လို့ စွပ်စွဲရခက်လောက်တဲ့ပုံစံမျိုးနဲ့ ခံစစ်ကို ကစားပြသွားတယ်။ မြန်ဆန်တဲ့ ခံစစ်-တိုက်စစ်အကူးအပြောင်းတွေနဲ့ ဘိုင်ယန်ကို တုံ့ပြန်ခြိမ်းခြောက်သွားခဲ့တယ်...
နှစ်သင်းစလုံးကတော့ next levelရောက်နေတဲ့ အသင်းလိုက်ကစားဟန်မျိုးကို နောက်တစ်ကြိမ်ထပ်မံပြသနိုင်ခဲ့တာပါပဲ။ ဒါပေမယ့် အဲ့ဒီနှစ်သင်းမှာ PSGကတော့ ပိုမိုပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်မျိုးကို ပြသသွားနိုင်ခဲ့တယ်။ နှစ်သင်းစလုံးက ဖိုင်နယ်နဲ့ ထိုက်တန်ခဲ့ပေမယ့် PSGကတော့ တကယ်ပဲ ပိုမိုထိုက်တန်ခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်...
ပွဲအစ၃မိနစ်မှာပဲ PSGက ဦးဆောင်ဂိုးသွင်းနိုင်ခဲ့တယ်။ တကယ်ကို အဆင့်အတန်းမြင့်တဲ့၊ အသင်းလိုက်စုစည်းမှုကို ပေါ်လွင်စေတဲ့ သွင်းဂိုးမျိုးဖြစ်ပြီး ဖာဘီယန်ရုဇ်၊ ခါဗရာနဲ့ ဒမ်ဘီလီ ၃ယောက်စလုံးပဲ ကိုယ့်တာဝန်ကိုယ် အကောင်းဆုံးကျေခဲ့ကြပါတယ်...
ဖာဘီယန်ရုဇ်က အင်မတန်သပ်ရပ်တဲ့ first-time passပေးပို့မှုနဲ့ ဘယ်ခြမ်းက ခါဗရာရဲ့ပြေးလမ်းကြောင်းထဲကို ခင်းပေးခဲ့တယ်။ ဒီဘောလုံးကို ခါဗရာတောက်လျှောက်ဆွဲတက်လာပါတယ်...
ဝုန်းခနဲ အရှိန်တင်ကျော်ပြေးဖို့ ကြိုးစားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းချင်း အရှိန်တင်လာတဲ့ပုံစံဖြစ်ပါတယ်။ အဲ့ဒါက အသေးအဖွဲဆိုပေမယ့် သိပ်အရေးကြီးပါတယ်။ ဘာြဖစ်လို့လဲဆိုတော့ ယူပါမီကာနိုဟာ recovery paceအတော်ကောင်းတဲ့ CBတစ်ယောက် ဖြစ်နေလို့ပါပဲ...



တကယ်တမ်း speedသီးသန့် ယှဥ်ပြေးရမယ်ဆိုရင် သူ့အနေနဲ့ ခါဗရာကို ကောင်းကောင်းယှဥ်ထိန်းနိုင်ဖို့ များပါတယ်။ ဒါပေမယ့် တစ်ဆင့်ချင်းအရှိန်တင်လာတဲ့ အနေအထားဖြစ်နေတော့ နောက်ပြန်ပြေးရတဲ့ ယူပါမီကာနိုအတွက် အခက်အခဲဖြစ်လာတယ်...
ဒါပေမယ့် တကယ်တမ်း သူတို့ယှဥ်ပြေးသွားပုံကို ပြန်ကြည့်ရင် ယူပါမီကာနိုဟာ တကယ့်ကို မဆိုစလောက်ကလေးပဲ တုံ့ဆိုင်းသွားခဲ့တာပါ။ တစ်စက္ကန့်ရဲ့ ငါးပုံတစ်ပုံ၊ ဆယ်ပုံတစ်ပုံလောက်ပဲ ရှိလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီလောက်ကပဲ ခါဗရာအတွက် အတော်ကြာနေတယ်။ လုံလောက်တဲ့ time & spaceမျိုးဖြစ်ခဲ့တယ်။ ၁၈ကိုက်စည်းထဲထိ တောက်လျှောက်ဆွဲတက်သွားနိုင်ခဲ့ပါတယ်...
ခါဗရာကို ယူပါမီကာနို ညာခြမ်းတစ်လျှောက် လိုက်ထိန်းရတာကြောင့် position outသွားတဲ့ အနေအထားမှာတော့ right-backလိုင်မာက အလယ်ထဲပြန်ဝင်ပြီး coverလုပ်ခဲ့ရတယ်...
ဒီလို ဘိုင်ယန်ခံစစ်ကြောင်း အထိုင်ပျက်နေတာကပဲ ၁၈ကိုက်စည်းထဲမှာ ဒမ်ဘီလီအတွက် အခွင့်အရေးပိုရသွားစေခဲ့တယ်။ ဒီနေရာမှာ ဒမ်ဘီလီရဲ့ နေရာယူပုံ၊ ရွေ့လျားပုံတွေကလည်း အတော်လေးကို ပါးနပ်ခဲ့သလို ခါဗရာရဲ့ ပေးပို့မှုကလည်း တိကျသေချာခဲ့တယ်...
ဒါကို ဒမ်ဘီလီက အမှားအယွင်းမရှိ အသုံးချပြီး PSGအတွက် ဦးဆောင်ဂိုးဖြစ်စေခဲ့တယ်။ အဲ့ဒီဂိုးကပဲ ဒီတစ်ပွဲလုံးစာအတွက် တစ်စုံတစ်ရာ အဆုံးအဖြတ် ဖြစ်သွားခဲ့ပါတယ်...
“ဘိုင်ယန်တိုက်စစ်ကို ကြောက်လို့ ကစားအားသိပ်မချရဲခဲ့ဘဲ ကိုယ့်ဖက်ကလည်း တိုက်စစ်နဲ့ပဲ တုံ့ပြန်ခဲ့ရပါတယ်”
ပထမအကျော့တုန်းက 5-2ထိ ဂိုးပြတ်သွားတဲ့ အနေအထားမှာ ဘာလို့ကစားအားမချဘဲ တိုက်စစ်ချင်းယှဥ်ပြီး open-gameဆက်ကစားခဲ့တာလဲဆိုတဲ့ သတင်းထောက်ရဲ့မေးခွန်းကို PSGနည်းပြလူးဝစ်အန်နရီကေးက ဒီလိုပြန်ဖြေသွားခဲ့တယ်။ ဒီအတိုင်း စကားလုံးအတိအကျမဟုတ်ပေမယ့် ဒီသဘောကို ထင်ရှားစေခဲ့တဲ့ အဖြေမျိုးပါပဲ...
ဘိုင်ယန်တိုက်စစ်က သိပ်ကောင်းလွန်းနေတယ်။ ဒါကို အကွက်စေ့စေ့နဲ့ ယှဥ်ထိန်းနိုင်လောက်တဲ့ ခံစစ်ကြောင်းခိုင်မာမှုမျိုး သူတို့မှာရှိမနေဘူး။ ဒါကြောင့် တိုက်စစ်နဲ့ပဲ တုံ့ပြန်ခဲ့ရတယ်လို့ လူးဝစ်အန်နရီကေးက ရှင်းပြခဲ့တာဖြစ်ပါတယ်...
အခု ဒုတိယအကျော့မှာတော့ စောစောစီးစီး ဦးဆောင်ဂိုးရပြီးနောက်၊ နှစ်ကျော့ပေါင်းနှစ်ဂိုးအသာ ဖြစ်သွားခဲ့ပြီးနောက် PSGဟာ ခံစစ်လုံခြုံရေးကို ပိုပြီးတော့ အာရုံစိုက်လာခဲ့တယ်။ သမားရိုးကျ ခံစစ်ပိတ်ကစားပုံမျိုးတော့ မဟုတ်ခဲ့ပါဘူး။ တစ်သင်းလုံးနီးပါး စနစ်တကျ ရွေ့လျားမှုတွေနဲ့ ဘောလုံးနောက်ကို လိုက်ကစားခဲ့တယ်။ ကိုယ့်ဖက်က ဘောလုံးပြန်ရလာပြီဆိုတာနဲ့ မြန်ဆန်ထိရောက်တဲ့ ခံစစ်-တိုက်စစ်အကူးအပြောင်းတွေနဲ့ တန်ပြန်တိုက်စစ်ကို ပုံဖော်သွားခဲ့ပါတယ်...
ဟာကီမီမပါနိုင်တဲ့ right-backနေရာမှာ ဇိုင်ရီအမ်မရီ ဆင်းကစားခဲ့ရတာကြောင့် PSGခံစစ်အတွက် အားနည်းချက်ဖြစ်လာမလား ထင်ခဲ့ရတယ်။ ဘိုင်ယန်ကလည်း လူးဝစ်ဒီယက်ဇ်ရဲ့ တိုးအားရုန်းအားတွေနဲ့ PSGရဲ့ right-back zoneကို အဓိကပစ်မှတ်ထား ဖိအားပေးသွားပါတယ်...
ဒါပေမယ့် ဇိုင်ရီအမ်မရီဟာ right-backအနေနဲ့ အကောင်းဆုံးတာဝန်ကျေခဲ့သလို အသင်းဖော်တွေကလည်း သူ့ကို စနစ်တကျနဲ့ ဝန်းရံပံ့ပိုးပေးသွားခဲ့တယ်။ ဒါကြောင့် PSGရဲ့ right-back zoneဟာ ထင်ထားသလို အားနည်းချက်တစ်ခု မဖြစ်ခဲ့တဲ့အပြင် အားသာချက်လိုသဘောမျိုးတောင် ရှိခဲ့ပါတယ်...
ပြောခဲ့သလိုပဲ ကွန်ပနီနဲ့ ဘိုင်ယန်ကစားသမားတွေလည်း အကောင်းဆုံးကြိုးစားခဲ့တာပါပဲ။ သူတို့တွေ ဒီထက်ပိုလုပ်လို့ရတယ်၊ လုပ်နိုင်ခဲ့သင့်တယ်လို့ ထောက်ပြစရာအချက်မျိုး ကျနော်တော့ တစ်ချက်မှကို မမြင်မိပါဘူး...
ရလဒ်မကောင်းချိန်မှာ “ဘယ်သူမပါလို့”ဆိုတဲ့ အကြောင်းပြချက်မျိုးကတော့ ပျင်းစရာကောင်းသလို ဆင်ခြေပေးရာလည်း ကျနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိဘိုင်ယန်ရဲ့ အသင်းလိုက်ကစားကွက်မှာ ဂနာဘရီရဲ့ အရေးပါမှုကို ထင်ရှားစေခဲ့တဲ့ပွဲပါပဲ...
ဂနာဘရီပါလာရင် ဘိုင်ယန်နိုင်မယ်လို့ ဆိုလိုတာမဟုတ်ပေမယ့် သူမပါနိုင်ခဲ့တာက ဘိုင်ယန်ကစားကွက်တစ်ခုလုံးအပေါ် သက်ရောက်မှုတွေရှိခဲ့တယ်။ သူ့ရဲ့လုပ်အားနှုန်းကောင်းကောင်းနဲ့ နေရာစုံဖြည့်ကစားပေးနိုင်မှုတွေကို လွမ်းစရာဖြစ်ခဲ့ရပါတယ်...
ဂနာဘရီနဲ့ မူဆီယာလာဟာ playing styleအရ အ‌တော်လေးကွဲပြားခြားနားတဲ့ ကစားသမားတွေပါ။ ဂနာဘရီလို work-rateမျိုး၊ without possessionမှာ နေရာစုံဖြည့်ကစားပေးနိုင်မှုမျိုး မူဆီယာလာမှာ ရှိမနေဘူး။ ဒါပေမယ့် ကိုယ့်ခြေထဲဘောလုံးရှိနေရင်တော့ မူဆီယာလာရဲ့ တစ်ဦးချင်းစွမ်းရည်ကလည်း တကယ့်world-classအဆင့်ပါပဲ...
ပြဿနာက မူဆီယာလာဟာ ဒဏ်ရာပြန်ကောင်းလာပြီးနောက်ပိုင်းမှာ ဒီလိုworld-classခြေစွမ်းမျိုးကို လုံးဝပြန်မရသေးဘူးဖြစ်နေတယ်။ ဒီပွဲမှာလည်း အိုလီဆေ၊ ဟာရီကိန်းနဲ့ လူးဝစ်ဒီယက်ဇ်တို့ရဲ့ တိုက်စစ်အားကြောင့် သူ့အတွက် နေရာလွတ်တွေ၊ အခွင့်အရေးကောင်းတွေ အတော်အသင့်ရခဲ့တယ်။ ဒါပေမယ့် သူထိထိရောက်ရောက် အသုံးမချနိုင်ခဲ့ပါဘူး...
သူ့အသက်အရွယ်တန်းမှာ တကယ့်generational talentတစ်ယောက်လို့ ပြောရမယ့် လူငယ်လေးလန်းနတ်ကားလ်ကလည်း ဒီပွဲအတွက် ကြံ့ခိုင်မှုပြည့်မီတယ်ဆိုရုံပဲ ရှိခဲ့တယ်လို့ သိရတယ်။ ဒီလိုအနေအထားမှာ သူ့အနေနဲ့ ပွဲအဖြေကို ပြောင်းလဲပေးနိုင်ဖို့ ခက်ခဲသွားရပါတယ်...
ဒီပွဲမှာ အဓိကထောက်ပြစရာတစ်ခုဖြစ်ခဲ့တာကတော့ ယာအိုနီဗတ်စ်ရဲ့ လက်ထိဘောပါပဲ။ ပုံမှန်ပရိသတ်အမြင်အားဖြင့် ဒါဟာ ရှင်းရှင်းလင်းလင်း ပင်နယ်တီပဲလို့ ထင်ခဲ့ရတယ်။ ဒါပေမယ့် လက်ရှိကျင့်သုံးနေတဲ့ hand-ballဥပဒေအရ အသင်းဖော်တစ်ယောက်ကန်လိုက်တဲ့ဘောလုံးက ကိုယ့်လက်ကို လာထိတဲ့ အနေအထားတွေဟာ (ဒီအဖြစ်အပျက်နောက်ပိုင်း ချက်ချင်းဂိုးရသွားတာမျိုး မဟုတ်ခဲ့ရင်) hand-ballမဖြစ်ဘူးလို့ အတိအလင်း ပြဌာန်းထားခဲ့တယ်။ ဒါကြောင့် ဒီဖြစ်ရပ်မှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့ပါတယ်...
အတိုချုပ်အားဖြင့်တော့ လူးဝစ်အန်နရီကေးရဲ့ PSGဟာ တကယ်ကို ပြီးပြည့်စုံတဲ့ အသင်းလိုက်စွမ်းဆောင်ရည်မျိုးကို ပြသသွားနိုင်ခဲ့တာဖြစ်ပါတယ်...
မာကီညို့စ်ဦးဆောင်တဲ့ ခံစစ်ကြောင်းက အကောင်းဆုံးပုံစံတစ်ခုမှာ ရှိနေခဲ့တယ်။ ဂိုးသမားနဲ့ နောက်တန်း၄ယောက်တင်မကဘဲ တစ်သင်းလုံးက ခံစစ်ကို စုစုစည်းစည်းနဲ့ စနစ်တကျ ကစားသွားခဲ့တာကြောင့်လည်း ဘိုင်ယန်လို တိုက်စစ်အားအရမ်းကောင်းတဲ့ အသင်းမျိုးကို တစ်ပွဲလုံးနီးပါး ဂိုးမပေးရအောင် ထိန်းသွားနိုင်ခဲ့တာဖြစ်ပါတယ်...
ဥပမာ- အထောင်တိုက်စစ်မှူး False9အဖြစ် လူစားဝင်ကစားလာတဲ့ ဘာကိုလာဟာ တချို့အနေအထားတွေမှာ right-backနေရာထိဆင်းပြီး ခံစစ်ကို ကူညီပေးသွားခဲ့တာကို တွေ့နိုင်ပါတယ်...
ဗီတင်ညာ၊ ယာအိုနီဗတ်စ်၊ ဇိုင်ရီအမ်မရီ/ဖာဘီယန်ရုဇ်တို့ရဲ့ ကွင်းလယ်အားကလည်း လုပ်အားနှုန်းပိုင်း၊ ခံစစ်ကြောင်းကို ကာကွယ်ပေးနိုင်မှုပိုင်း၊ တိုက်စစ်ကို လိုက်ပါပံ့ပိုးနိုင်မှုအပိုင်း စသည်ဖြင့် အဖက်ဖက်မှာ ဘာမှကို အပြစ်ပြောစရာမရှိသလောက်ပါပဲ...
ဒူယေ၊ ဒမ်ဘီလီ၊ ခါဗရာစ်ခေးလီးယားနဲ့ ဘာကိုလာတို့ရဲ့ တိုက်စစ်ပိုင်းကလည်း ပြိုင်ဖက်ခံစစ်မှူးတွေကို ပုံစံမျိုးစုံနဲ့ ဒုက္ခပေးနိုင်စွမ်း ရှိနေပါတယ်...
(လတ်တလောအမှားအယွင်း သိပ်မရှိပေမယ့်) လက်ရှိPSGလူစာရင်းမှာ ထောက်ပြစရာအားနည်းချက်ဆိုလို့ ဂိုးသမားဆာဖိုနော့ဗ်လောက်ပဲ ရှိနေပါတယ်။ ဒါက ဆာဖိုနော့ဗ်အပေါ် လေးစားမှုမရှိတဲ့သဘောတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိဥရောပအကောင်းဆုံးစာရင်းဝင် အသင်းတစ်သင်းရဲ့ ပထမဦးစားပေးဂိုးသမားဖြစ်လာဖို့အထိတော့ သူသိပ်မလုံလောက်သေးဘူးလို့ပဲ ကျနော်ယူဆပါတယ်။ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်...
ဒါပေမယ့် အဲ့ဒီဆာဖိုနော့ဗ်ကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ဖို့ဆိုတာကလည်း ဂိုးပေါက်တည့်ကန်ချက်တွေ များများစားစားလုပ်နိုင်ဖို့ လိုအပ်မယ်မဟုတ်လား။ လက်ရှိဥရောပရဲ့ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေတဲ့ ဘိုင်ယန်မြူးနစ်ဟာ ဒီပွဲမှာ မိနစ်၉၀စလုံး ဂီယာကုန်လီဗာကုန် တိုက်စစ်ဆင်ကစားခဲ့တာတောင် ဂိုးပေါက်တည့်ကန်ချက် ၅ကြိမ်လောက်ပဲ လုပ်နိုင်ခဲ့တယ်...
အဲ့ဒါကပဲ လက်ရှိPSGရောက်နေတဲ့ lvတစ်ခုဖြစ်ပါလိမ့်မယ်...
လူးဝစ်အန်နရီကေးရဲ့ PSGကို ကျနော်နောက်ထပ်ချီးကျူးချင်တာတစ်ခုကတော့ အသင်းလိုက်စုစည်းမှုနဲ့ စိတ်ဓာတ်ပိုင်းပါပဲ။ လက်ရှိballon d’Orဆုရှင်ဖြစ်သလို ဒီပွဲမှာ တစ်လုံးတည်းသောအနိုင်ဂိုးကိုလည်း သွင်းပေးထားတဲ့၊ ပထမအကျော့တုန်းကလည်း ၂ဂိုးသွင်းပြီး ၁ဂိုးဖန်တီးပေးခဲ့တဲ့ ဒမ်ဘီလီဟာ ပွဲချိန်၆၅မိနစ်လောက်မှာပဲ လူစားလဲခံခဲ့ရတယ်။ ဒီနေရာမှာ တော်ရုံကြယ်ပွင့်ကစားသမားတစ်ယောက်သာဆိုရင် အနည်းနဲ့အများ မကျေမနပ်ဖြစ်တာမျိုး၊ စောဒကပြန်တက်တာမျိုး၊ (အနည်းဆုံး အမူအရာအားဖြင့်) မကျေနပ်မှုကို ပြသတာမျိုး သေချာပေါက်ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒမ်ဘီလီကတော့ အေးအေးဆေးဆေးပဲ ထွက်သွားတယ်။ လက်ကျန်မိနစ်တွေကို အရန်ခုံတန်းပေါ်ကနေ ပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွနဲ့ အားပေးသွားပါတယ်။ PSGကို လူးဝစ်အန်နရီကေး ဘယ်လိုတည်ဆောက်ထားသလဲ ထင်ရှားစေတဲ့ အဖြစ်အပျက်တစ်ခုပါပဲ....
ဒီပွဲအတွက် ကျနော်အဓိကhighlightလုပ်ချင်တဲ့ ကစားသမားတစ်ယောက်ဆိုရင်တော့ ခါဗရာစ်ခေးလီးယားပဲ ဖြစ်ပါလိမ့်မယ်။ လက်ရှိခြေစွမ်းအရတော့ ခါဗရာဟာ သူ့positionမှာသူ ချွင်းချက်မရှိအကောင်းဆုံးတစ်ယောက်ပါပဲ...
လျင်မြန်မှု၊ ကျွမ်းကျင်မှုတွေကို လုပ်အားနှုန်း/ခွန်အားကောင်းမွန်မှုတွေနဲ့ အချိုးကျကျပေါင်းစပ်ထားတဲ့ ခါဗရာဟာ 1v1အနေအထားမှာဆိုရင် ပြိုင်ဖက်နောက်ခံလူတိုင်းအတွက် အိပ်မက်ဆိုးပါပဲ။ ဘယ်ခြေညာခြေနှစ်ဖက်စလုံးကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ပြီး ကိုယ်တိုင်ဂိုးသွင်းဖို့ရော၊ ဂိုးဖန်တီးပေးဖို့ရော အသင့်ရှိနေတတ်တာကလည်း သူ့ရဲ့နောက်ထပ်အားသာချက်တစ်ခုဖြစ်နေတယ်။ ဒီလိုကစားသမားမျိုးကို လာမယ့်ကမ္ဘာ့ဖလားမှာ တွေ့မြင်ရဖို့မရှိတာကတော့ တကယ်ကိုနှမျောစရာပါပဲ...

Comments