ဘောလုံးမကန်ဘဲ ထိုးကြိတ်ကြလို့ တစ်ပွဲတည်းမှာ အနီကတ် ၂၃ ကတ်ပြခဲ့ရတဲ့ ဘရာဇီး ဘောလုံးပွဲ

 




ဘောလုံးမကန်ဘဲ ထိုးကြိတ်ကြလို့ တစ်ပွဲတည်းမှာ အနီကတ် ၂၃ ကတ်ပြခဲ့ရတဲ့ ဘရာဇီး ဘောလုံးပွဲ
ဘရာဇီးမြေက Campeonato Mineiro ဗိုလ်လုပွဲကတော့ ဘောလုံးသမိုင်းမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ရပါပြီ။ ပြိုင်ဘက်အသင်းကြီးနှစ်သင်းဖြစ်တဲ့ ခရူဇီယို နဲ့ အက်သလက်တီကို မီနေးရိုး တို့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ပွဲစဉ်မှာ ကစားသမား ၂၃ ဦး အထိ အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရလို့ “ဒါဟာ ဘောလုံးပွဲလား၊ ရန်ပွဲလား”ဆိုပြီး ဘရာဇီးမီဒီယာတွေက ခေါင်းစဉ်တပ် ရေးသားနေကြပြီဖြစ်ပါတယ်။
ပွဲအခြေအနေ ဘရာဇီးလ်နည်းပြဟောင်း တီတေး ကိုင်တွယ်တဲ့ ခရူဇီယိုအသင်းဟာ ကိုင်ယိုဂျော့ဂျ်ရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးနဲ့ အက်သလက်တီကို မီနေးရိုး ကို အနိုင်ရရှိပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် Minas Gerais  ပြည်နယ်ချန်ပီယံ ဆုဖလားကြီးကို ဆွတ်ခူးသွားခဲ့ပါတယ်။ ဒါပေမဲ့ ပွဲပြီးခါနီးစက္ကန့်ပိုင်းအလိုမှာတော့ ဘောလုံးကွင်းထဲမှာ ကြီးမားလှတဲ့ရန်ပွဲကြီးဖြစ်ပေါ်လာခဲ့ပြီး တကယ့်ကိုပဲ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။
အက်သလက်တီကို ဂိုးသမား အီဗာဆန် ဟာ ဘောလုံးလုရင်း ဝင်တိုက်မိတဲ့ ခရူဇီယိုကွင်းလယ်လူ ခရစ်ရှန် ကို မြေပြင်ပေါ် တွန်းလှဲပြီး ရင်ဘတ်ပေါ် ဒူးနဲ့ ဖိလိုက်ရာကနေ ရန်ပွဲ အစပြုခဲ့ပါတယ်။ ဒါကို ခရူဇီယိုအသင်းသားတွေက ဝိုင်းဝန်းတုံ့ပြန်ရာကနေ အခြေအနေတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပြီး လုံခြုံရေးတွေတင်မကဘဲ စစ်ဘက်ရေးရာရဲတပ်ဖွဲ့ ကပါ ကွင်းထဲဝင်ပြီး တားဆီးရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။
ရန်ပွဲပြင်းထန်လွန်းလို့ ကွင်းလယ်ဒိုင်ဟာ ပွဲစဉ်အတွင်း အခြေအနေကို မထိန်းချုပ်နိုင်တော့ဘဲ ပွဲအပြီးမှာတော့ မှတ်တမ်းတွေကို ပြန်ကြည့်ပြီး ကစားသမား ၂၃ ဦးကို အနီကတ်ပြခဲ့ပါတယ်။ ခရူဇီယို ဘက်က ဂိုးသွင်းရှင် ဂျော့ဂျ် အပါအဝင် ကစားသမား ၁၂ ယောက် အနီကတ်ထိသွားခဲ့ပြီး အက်သလက်တီကို မီနေးရိုးဘက်ကတော့ ဝါရင့်တိုက်စစ်မှူး ဟော့ခ် နဲ့ ရီနန်လိုဒီ အပါအဝင် ကစားသမား ၁၁ ယောက် အနီကတ်ထိသွားခဲ့ပါတယ်။
ဒါဟာ ကမ္ဘာ့စံချိန်တော့ မဟုတ်သေးပါဘူး။ ၂၀၁၁ ခုနှစ်တုန်းက အာဂျင်တီးနား လိဂ်-၅ မှာ ဘောလုံးကွင်းတွင်း ရန်ပွဲကြောင့် ကစားသမား ၃၆ ယောက်စလုံးကို အနီကတ်ပြ ထုတ်ပယ်ခဲ့ဖူးတဲ့ မှတ်တမ်းရှိပါတယ်။
လက်ရှိအခြေအနေမှာ ထူးခြားချက်အနေနဲ့ ပြောရမှာကတော့ ဒီအသင်းကြီးနှစ်သင်းစလုံးဟာ ဘရာဇီးစီးရီးအေ ၄ ပွဲကစားအပြီးမှာ တစ်ပွဲမှ မနိုင်သေးဘဲ ဇယားအောက်ခြေက အဆင့် ၁၇ နဲ့ ၁၉ မှာ ရုန်းကန်နေရတာပဲ ဖြစ်ပါတယ်။

ယူနိုက်တက် အနာအပေါ် ဆားဖြူးလိုက်တဲ့ နယူးကာဆယ်

အာဆင်နယ်အသင်းသာ ပရီမီးယားလိဂ်ဖလားကို ဆွတ်ခူးသွားခဲ့မယ်ဆိုရင် ဒါဟာ ဘောလုံးသမိုင်းတစ်လျှောက်မှာ အဆိုးရွားဆုံး ချန်ပီယံဆုအဖြစ် မှတ်တမ်းဝင်သွားနိုင်

ထိုင်းရောက်မြန်မာသတင်းများဖတ်ရန်

ထိုင်းရောက်ရွှေမြန်မာတို့အတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်မှာဂိမ်းကစားချင်ပါက

Comments